ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဥသျှောင်ဌာနီပြည်နယ်၊ နောင်ချန်းခရိုင်၊ ထွန်းဖိုးကျေးရွာအုပ်စု၊ ဘန်းရောင်ဆီမိုင်ကျေးရွာတွင် စက်တင်ဘာ ၁၆ရက်၊ မွန်းလွဲ ၃ နာရီခန့်က ၂ လသားအရွယ် ကလေးငယ်တစ်ဦးကို အမေရိကန်ဘူလီအမျိုးအစားခွေးတစ်ကောင်က ကိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာ အိမ်ပိုင်ရှင်ပြောကြားချက်အရ ကလေးငယ်၏ မိဘများသည် ၂ လသားသမီးငယ်ကို တွန်းလှည်းဖြင့်ထည့်ပြီးအိမ်ပိုင်ရှင်၏နေအိမ်သို့လာရောက်ကာ အမှိုက်ပစ္စည်းများကောက်ယူနေစဉ် "Big"ဟု အမည်ရသော အမေရိကန်ဘူလီအမျိုးအစားခွေးသည် အိမ်ထဲမှထွက်လာပြီး တွန်းလှည်းနားသို့ ချဉ်းကပ်ကာ အနံ့ခံခဲ့ကြောင်း သိရသည်။
ထို့နောက် ကလေးငယ်အော်သံကို အိမ်ရှင်ကကြားခဲ့ပြီး အပြင်သို့ အပြေးအလွားထွက်ကြည့်ရာ Big သည် ကလေးငယ်အား ပါးစပ်ဖြင့် ကိုက်ချီခြင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အိမ်ရှင်က ခွေးအား ကလေးကို လွှတ်ပေးရန် ချက်ချင်းအော်ဟစ်ခဲ့ချိန်တွင် ခွေးသည် ကလေးငယ်ကို အနီးရှိ ရေမြောင်းထဲသို့ ပစ်ချခဲ့ရာ အိမ်ရှင်နှင့် ကလေးမိဘများသည် ဒဏ်ရာရရှိထားသော ကလေးငယ်ကို ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ခဲ့သော်လည်း ခွေးကိုက်ခံထားရသည့်ဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး News Hive သတင်းဌာနအနေဖြင့် ခွေးအမျိုးအစားကျွမ်းကျင်သူများထံစုံစမ်းချက်အရ သတင်းဌာနအများစုတွင် ဖော်ပြသကဲ့သို့ Pitbull အမျိုးအစားခွေးမဟုတ်ဘဲ American Bully ခွေးအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။