ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားသောနိုင်ငံအဖြစ်သို့ရောက်ရှိစေရေး မြန်မာနိုင်ငံသားအားလုံး ညီညွတ်စွာဆောင်ရွက်ကြရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
ဇူလိုင်လ ၁၉ ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင်ကျင်းပခဲ့သော (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဗိုလ်ချုပ်တို့ကအသက်စွန့်ပြီးတော့ အသက်ပေးပြီးတော့လုပ်သွားကြတာပါ။ ဒါ့အပြင် တိုင်းပြည်ရဲ့တန်ဖိုးက လွတ်လပ်ရေးပါ၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒါတွေရှိတယ်။ သို့သော်လည်း စည်းနဲ့ကမ်းနဲ့ ဖြစ်တဲ့စနစ်မျိုး တော့ဖြစ်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့လုပ်မယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ် လည်းရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ တိုင်းသူပြည်သားအားလုံး တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့လုပ် ကိုင်သွားကြဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။
စစ်ခေါင်းဆောင်တက်ရောက်ခဲ့သော အာဇာနည်နေ့အခမ်းအနားကို လုံခြုံရေးအင်အားအများအပြားအသုံးပြုခဲ့ပြီး စောင့်ကြည့် ဒရုန်းများကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြရန်လည်း တိုက်တွန်းပြောဆိုထားဖူးသည်။